Monday, September 21, 2026
Home » မောင်တောမြို့မြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး

မောင်တောမြို့မြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး

2 71

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှာ မူဆလင် လက်နက်ကိုင်အဖွဲ့ ARSA ရဲ့ ခြုံခိုပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး ထပ်မံသေဆုံးသွားတယ်လို့ မောင်တောဒေသခံတွေဆီက သိရပါတယ်။

မနေ့က အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက် ၈ နာရီအချိန်မှာ မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာအထွက် မီတာ ၈၀၀ ခန့်အကွာလောက်မှာ မူဆလင်လက်နက်ကိုင်အဖွဲ့ ARSA ရဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

ARSA အဖွဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့သူမှာ မောင်တောမြို့နယ်၊ နံသာတောင်ကျေးရွာမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ရွာက ကိုကျော်စိုးဝင်း(၂၅နှစ်) ဖြစ် ပါတယ်။

ကိုကျော်စိုးဝင်းနဲ့အတူ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့သူ တစ်ဦးတို့ဟာ မောင်တောမြို့နယ်၊ နံသာတောင်ကျေးရွာကနေ သာယာကုန်းကျေးရွာကို ဆိုင်ကယ်နဲ့သွားရောက်စဥ် မူဆလင်လက်နက်ကိုင်အဖွဲ့ ARSA ရဲ့ ခြုံခိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုကျော်စိုးဝင်း (၂၅) နှစ်မှာ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို ကျည်ထိမှန်ကာ နေရာအတွင်းမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့ရပြီး သူနဲ့အတူပါလာတဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာအနည်းငယ်နဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့လည်း သိရပါတယ်။

“အခုရက်ပိုင်းမှာတော့ ARSA အန္တရာယ်က မောင်တောမြောက်ပိုင်းမှာ အရမ်းကိုဆိုးဆိုးဝါးဝါးဖြစ်နေပါတယ်။ အရပ်သားတွေကလည်း မသွားရဲမလာရဲ ဖြစ်နေကြပါတယ်။ ဒီလအတွင်းမှာ ARSA ခြုံခိုပစ်ခတ်မှုကြောင့် အရပ်သားတွေ မနည်းထိခိုက် သေဆုံးတာတွေရှိပါတယ် ” လို့ မောင်တောဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ARSA မူဆလင်လက်နက်ကိုင်အဖွဲ့တွေဟာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရခိုင်ပြည်အတွင်းကို စိမ့်ဝင်ကာ အကြမ်းဖက်လှုပ်ရှားမှုတွေ ပြုလုပ်နေကြပြီး ဒေသခံအရပ်သား ပြည်သူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာ၊ ခြုံခိုပစ်ခတ်တာတွေနဲ့ ပြန်ပေးဆွဲသတ်ဖြတ်တာတွေကို ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော် AA ဟာ ရခိုင်က လက်ကျန်မြို့တွေဖြစ်ကြတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တွေကို အလုံစုံလွတ်မြောက်ဖို့အတွက် စစ်ရေး၊ နိုင်ငံရေး နည်းလမ်းတွေနဲ့ လုပ်ဆောင်နေစဉ်အတွင်းမှာ မူဆလင်လက်နက်အဖွဲ့တွေဖြစ်ကြတဲ့ ARSA၊ RSO အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ် – ရခိုင်နယ်စပ်တစ်လျှောက်နဲ့ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ယာယီစခန်းတွေ၊ အခိုင်အမာစခန်းတွေကို ဆောက်လုပ်နေကြတာလည်း ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာလည်း မောင်တောမြို့မြောက်ပိုင်း၊ လိပ်ရခွဆုံရဲ့တောင်ဘက် မီတာ (၂၀၀) အကွာအဝေးမှာ မူဆလင်လက်နက်ကိုင်အဖွဲ့ (၁၀) ဦးခန့်ဟာ မောင်တောမြို့နယ်က ဒေသခံဆိုင်ကယ်ကယ်ရီသမား (၃) ဦးကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး တစ်ဦးမှာထိမှန်ခဲ့တာကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

သေဆုံးသွားသူမှာ ကိုငြိမ်းချမ်း (၂၂) နှစ် ဖြစ်ပြီး မူဆလင်လက်နက်ကိုင်အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် နောက်ကျောမှ ကျည်ဝင်ပြီး ဝမ်းဗိုက်ကဖောက်ထွက်သွားတာကြောင့် နေရာအတွင်းမှာပဲ သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၅ ရက်နေ့မှာလည်း မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ကနေ စျေးပြုပြီးပြန်လာတဲ့ အောင်သာယာကျေးရွာသား ၃ ဦးကို လိပ်ရခွဆုံနဲ့ သာယာကုန်းကျေးရွာအကြားကို ရောက်တဲ့အခါမှာတော့ ARSA အဖွဲ့ရဲ့ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဒေသခံကုန်သည် ၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။

ARSA ၊ RSO၊ ARA မူဆလင်လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီတပ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB အရာရှိတစ်ချို့က လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ထောက်ပံ့ပေးနေတာဖြစ်တယ်လို့ AA က ထုတ်ပြန်ပြောဆိုထားပါတယ်။

မူဆလင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အာရက္ခတပ်တော် AA တို့ ဖြစ်ကြတဲ့တိုက်ပွဲအတွင်းမှာလည်း သိမ်းရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတစ်ချို့ဟာ စစ်ကောင်စီတပ်နဲ့ အိမ်နီးနားချင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB အရာရှိတစ်ချို့က ထောက်ပံ့ပေးတာနဲ့ ငွေကြေးအရယူပြီးတော့ ရောင်းချပေးတဲ့ လက်နက်တွေဖြစ်တာကို စိစစ်တွေ့ရှိရတယ်လို့လည်း AA က ဆိုထားပါတယ်။

အာရက္ခတပ်တော် AA ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ မူဆလင်လက်နက်ကိုင်အဖွဲ့တွေဖြစ် ကြတဲ့ ARSA၊ RSO အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အဲဒီအဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ BGB အရာရှိတချို့ကို ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအနေနဲ့ အမြန်ဆုံးဖော်ထုအရေးယူပေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအနေနဲ့လည်း အဆိုပါမူဆလင်လက်နက်ကိုင်အဖွဲ့တွေကို အရေးယူထိန်း ကျောင်းမှုမရှိဘဲ အရင်တိုင်းဆက်လက်လွှတ်ပေးထားမယ်ဆိုပါက နှစ်ဖက်နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဆက်ဆံရေးနဲ့ နှစ်ဖက်ယုံကြည်မှုတွေကို ဆိုးဝါးစွာထိခိုက်လာနိုင်တယ်လို့ AA က ထပ်မံပြောဆိုထားပါတယ်။

2 comments

"oppna gate io-konto June 11, 2026 - 6:57 am

Your article helped me a lot, is there any more related content? Thanks!

Reply
Registrera dig July 28, 2026 - 5:54 am

Your article helped me a lot, is there any more related content? Thanks!

Reply

Leave a Comment

Latest Post

Latest Post