ရခိုင်နဲ့ မကွေးတိုင်းနယ်စပ်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း ဗျူဟာကုန်းကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခွင့်မရဘဲ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တို့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးတွေ များပြားနေပြီးတော့ လေကြောင်းပစ်ကူတွေပါ ရှေ့ဆင့်နောက်ဆင့် ပြုလုပ်လာနေတယ်လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဟာ ပဒါန်းတပ်နယ်အတွင်းရှိ အမှတ် ၉၀၅ အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ယာဉ်တန်း အစီးအရေ (၇၀) ကျော်ဟာ အမ်း – ပဒါန်းလမ်းပိုင်း အတိုင်း နတ်ရေကန်ဗျူဟာကုန်းစခန်းကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ AA နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် နောက်ပြန်ဆုတ်သွားခဲ့ရတာလည်း ဖြစ်ပါတယ်။
အဆိုပါ စစ်ယာဉ်တန်းတွေကို AA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် ယာဥ်တန်းတွေနဲ့ စကစတပ်သားတစ်ချို့ဟာ အထိအခိုက် အသေအဆုံးများပြားခဲ့ပြီး လက်ရှိမှာ စစ်ယာဉ်တန်းတစ်ချို့ဟာ မစခ ၉၀၅ တပ်ရင်းထဲကို ရောက်ရှိနေတာ ရှိနေတယ်လို့လည်း သိရပါတယ်။
နတ်ရေကန်ဗျူဟာကုန်းကို စစ်အင်အား မရောက်ရှိဘဲ အခုလို လက်တစ်ဝက်အရောက်မှာ အတိုက်ခံနေရတာကြောင့် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က နတ်ရေကန်ဗျူဟာကုန်း အနီးအနားက ဂုတ်ကြီး၊ ပဇီ၊ လိုင်ကျေးရွာနဲ့ တော/တောင်တစ်လျှောက်ရှိ နေရာအနှံအပြားကို ဂျက်ဖိုက်တာ၊ Y-12 လေယာဥ် ၆ စီးကျော်နဲ့ ဗုံးအလုံးအရေ ၁၀၀ နီးပါးခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“အဲဒီနေ့ကဆိုရင်ညလုံးပေါက် ဗုံးကြဲချတိုက်ခိုက်ခဲ့တာပါ။ သူတို့ရဲ့ စစ်အင်အားတွေ ကျော်ဖြတ်လို့မရတဲ့ ဂုတ်ကြီးနဲ့ ပဇီကျေးရွာဖက်ကို အဓိကဗုံးကြဲချတိုက်ခဲ့တာ ဖြစ်ပါတယ်။ နတ်ရေကန်ကိုလာတဲ့ စစ်ကြောင်းက အတော်လေး အထိနာသွားပုံရပါတယ်။ အဲတာကြောင့် အခုလို တိုက်လေယာဥ် ၆ စီးကျော်နဲ့ ဗုံးကြဲချလာတာ ဖြစ်ပါတယ်။ နတ်ရေကန်ဗျူဟာကုန်းကို မကျအောင် သူတို့ကတော့ လေကြောင်း၊ ကုန်ကြောင်းမှ အသည်းအသန် ကာကွယ်နေတာတွေ ရှိပါတယ်” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ မကွေးတိုင်းအထဲက ပဒါန်းတပ်နယ်မှာရှိတဲ့ ကပစ ၁၄ စက်ရုံကို ဦးတည်ကာ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီး ရခိုင်နဲ့ မကွေးအစပ်အမ်း – ပဒါန်းလမ်းပိုင်းက နေရာအများအပြားကိုလည်း သိမ်းပိုက်ရရှိဖို့အတွက် ထိုးစစ်မပြတ်တိုက်ပွဲတွေ ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။
မကွေးတိုင်းအစပ်က အမ်း – ပဒါန်းလမ်းပိုင်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ ထိုးစစ်ဖော်ဆောင်ခဲ့တာဖြစ်ပြီး လပိုင်းလောက်အကြာမှာတော့ အဲဒီလမ်းပိုင်းက မထုံး၊ လင်းတဲ၊ စွန်တက် ၊ ဂုတ်စည်း ၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်ရေစမ်း စတဲ့ကျေးရွာတွေကို ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အမ်း – ပဒါန်းလမ်းပိုင်းရှိ အဓိကပင်မကုန်းစခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကုန်းကိုလည်း အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗျူဟာကုန်းနဲ့ ၁ မိုင်ကျော် အကွာလောက်က MPT တာဝါတိုင်စခန်းကုန်းကိုလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်းမှာ သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ထပ် နတ်ရေကန်ဗျူဟာကုန်းရဲ့ ရှေ့ကာကင်းစခန်းတွေဖြစ်သလို ပဒါန်းတပ်နယ်အတွင်းကနေ အဲဒီဗျူဟာကုန်းကို စစ်ကူပို့ဆောင်ဖို့လွယ်ကူတဲ့ ဂုတ်ကြီး၊ ပဇီ (ခေါ်) ဖိုက်တာကုန်း၊ လိုင် စတဲ့ကာကင်းစခန်းတွေကိုပါ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
နတ်ရေကန်ဗျူဟာကုန်းစခန်းဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်းတစ်ခုဖြစ်သလို အဲဒီစခန်းဟာ ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံရဲ့ အနောက်ဖက်က လေကြောင်းရန်တွေကို ထောက်လှမ်းဖို့အတွက် ပြုလုပ်ထားတာကြောင့် အရေးပါတဲ့ စခန်းကုန်းတစ်ခုလည်း ဖြစ်ပါတယ်။
နတ်ရေကန်ဗျူဟာကုန်းစခန်းကို အမ်း – ပဒါန်းလမ်းပိုင်းက အမြင့်ပေ ၅၀၀၀ ကျော်မှာ တည်ဆောက်ထားတာဖြစ်ပြီး လက်ရှိအဲဒီဗျူဟာကုန်းမှာ ပြည်သူ့စစ်မှုထမ်း (ပစ) တွေအပါအဝင် စစ်ကောင်စီတပ်သား အင်အား ရာဂဏန်းလောက်သာ ကျန်ရှိတော့တယ်လို့လည်း သိရပါတယ်။
မကွေးတိုင်းအစပ် နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် AA ၊ ချင်းကာကွယ်ရေးတပ်နဲ့ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်းအခြေစိုက် PDF တပ်ရင်းတွေ၊ ကျောင်းသားလက်ရုံး တပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA (မကွေး) တပ်တွေက ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
Photos – ပုံဟောင်း