Sunday, September 20, 2026
Home » ကလေးမြို့မှာ ချင်းလူငယ် ၂ ဦးကို စစ်တပ်ဖမ်းဆီးပြီး သိန်း ၂၀၀ နဲ့ ရွေးယူခဲ့ရ

ကလေးမြို့မှာ ချင်းလူငယ် ၂ ဦးကို စစ်တပ်ဖမ်းဆီးပြီး သိန်း ၂၀၀ နဲ့ ရွေးယူခဲ့ရ

0 21
21

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်လိုင်ရပ်ကွက်မှာ နာရေးကူညီဖို့ မဏ္ဍပ်ထိုးနေတဲ့ ချင်းလူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ငွေကျပ် သိန်းရာနဲ့ချီ တောင်းခံခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့ က မွန်လိုင်ရပ်ကွက်ရှိ MZBC အသင်းတော်ဝင်တစ်ဦးရဲ့ နေအိမ်နာရေးမှာ မဏ္ဍပ်ကူညီဆောက်လုပ်ပေးနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရုတ်တရက် ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေအနက် Pu Lal Rin Zual ရဲ့ သားဖြစ်သူမှာ မိသားစုဝင်တွေက ငွေကျပ် သိန်း ၂၀၀ ပေးဆောင်ခဲ့ရသဖြင့် ဖမ်းဆီးခံရတဲ့နေ့မှာပင် ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ၎င်းနဲ့ အတူ ပါသွားတဲ့ အခြားချင်းလူငယ်တစ်ဦးမှာမူ အခုအချိန်အထိ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က မည်မျှငွေညှစ်တောင်းခံထားနေတာကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

“နာရေး မဏ္ဍပ်ဆောက်ကြတာပါ။ စစ်သားတွေ ရုတ်တရက် ဝင်ရောက်လာပြီး လူငယ်တွေ အကြောင်းမဲ့ ဖမ်းသွားတာ။ တစ်ယောက်ကတော့ ငွေသိန်း ၂၀၀ ပေးလို့ ချက်ချင်း ပြန်လွှတ်တယ်။ နောက်တယောက်ကတော့ ပြန်မလွတ်သေးဘူး။ သူဆီကလည်း ဘယ်လောက်ထိ ငွေညှစ်မလဲမသိဘူး။” လို့ ကလေးမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

ကလေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေဟာ ဒေသခံလူငယ်တွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားကာ ဖမ်းဆီးငွေညှစ်တဲ့ လုပ်ရပ်တွေကို ဆက်တိုက်ကျူးလွန်လျက်ရှိပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၆ ရက်နေ့ကလည်း တောင်ဖီလာရပ်ကွက်ရှိ နေအိမ်တစ်လုံးကို နက်ပြာရောင်ဝတ် ပြည်သူ့စစ်တွေက ဝင်ရောက်စီးနင်းခဲ့သေးပါတယ်။

နေအိမ်အတွင်းရှိ လူငယ် ၂ ဦးမှာ အချိန်မီ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမဲ့လည်း ကျန်ရစ်ခဲ့တဲ့ မိခင်ဖြစ်သူကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ကာ ငွေကျပ် သိန်း ၃၀ ပေးဆောင်ဖို့နဲ့ စက်တင်ဘာလကုန် နောက်ဆုံးထားကာ ငွေအကျေပေးရမယ်လို့ အကျပ်ကိုင် ငွေတောင်းခံသွားခဲ့တယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post