အာရက္ခတပ်တော် AA ရဲ့ ရခိုင်ထိုးစစ်ဟာ စစ်တွေ ဒကစ နားအထိရောက်ရှိလာချိန်မှာပဲ စစ်လော်ဘီ Telegram Channel တွေကနေ ငပြီကျွန်းနဲ့ ပုဏ္ဏားကျွန်း တိုက်ပွဲတွေဟာ AA ဘက်က ထိခိုက်သေဆုံးမှုများနေတယ်ဆိုပြီး Video File တွေနဲ့ တစ်ပြိုင်နက်တည်း ဝါဒဖြန့်လာနေကြပါတယ်။
စစ်ကောင်စီရဲ့ နာမည်ကြီးဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ ရွှေဘ၊ KS News၊MNPအပါ အခြားတယ်လီဂရမ် Channel များစွာကနေ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းလောက် ကစပြီး ပုဏ္ဏားကျွန်းတိုက်ပွဲ၊ ငပြီကျွန်းတိုက်ပွဲတွေမှာ AA ဘက်က အထိနာနေတယ်ဆိုပြီး Video တွေနဲ့တကွ တစ်ပြိုင်နက်တည်း တင်လာကြပါတယ်။
စစ်ကောင်စီဘက်က အခုဝါဒဖြန့်နေတဲ့ ပေါက် တောမြို့နယ်ထဲက ငပြီကျွန်းနဲ့ ပုဏ္ဏားကျွန်းမြို့ နယ်တို့ကို ပြီးခဲ့တဲ့ အပတ်တွေကတည်းက စစ် ကောင်စီဟာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ထိုစဥ်ကလည်း စစ်လော်ဘီချန်နယ်တွေကနေ အဆိုပါ ဒေသတွေမှာ စစ်ရေးအောင်မြင်နေပြီး စကစတပ် က ထိန်းချုပ်သွားနိုင်ပြီဆိုပြီး ဝါဒဖြန့်ခဲ့ကြပါသေးတယ်။
သို့သော် မြေပြင်သတင်းရင်းမြစ်တွေရဲ့အဆိုအရ စစ်လော်ဘီတွေ ဝါဒဖြန့်နေတဲ့အဆိုပါ ငပြီကျွန်းနဲ့ ပုဏ္ဏားကျွန်းဘက်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာကာဆုတ်ခွါနေရတယ်လို့ BBM အနေနဲ့သိထားရပါတယ်။
ဒါတင်မက အာရက္ခတပ်တော်ရဲ့ တန်ပြန်ထိုးစစ် တွေဟာလည်း စစ်တွေမြို့ပတ်ချာလည်အထိရောက်ရှိလာနေပြီး အမြင့်ကျွန်းကျေးရွာအနီးက စကစရဲ့ ကာကင်းစခန်းတွေနဲ့ ရေချမ်းပြင်အနီးက ကာကင်းစခန်းအချို့ကိုပါ သိမ်းပိုက်ရရှိထားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ(၁၇) ရက်နေ့ (မနေ့)ကလည်း စစ်တွေရှိ အမှတ် (၉၀၈) စစ် မြေပြင်အင်ဂျင်နီယာတပ်ရင်းကို အာရက္ခတပ် တော်မှ သိမ်းပိုက်နိုင်ပြီဆိုပြီး သတင်းတွေကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါသေးတယ်။
အဆိုပါသတင်းနဲ့ပတ်သတ်ပြီး BBM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေမဲ့ စစ်တွေဒကစ နားအထိပင် အာရက္ခတပ်တော်ရောက်ရှိနေပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်ဆိုတာကိုတော့ သတင်းရင်းမြစ်အချို့က အတည်ပြုပေးထားပါတယ်။
ဒါ့အပြင် စစ်တွေမြို့တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူအချို့ စတင်စစ်ဘေးရှောင်နေကြသလို စစ်ကောင်စီတပ်ဘက်မှ အရာရှိအချို့လည်း ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
Photo-ပုံဟောင်း