မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့ စတားလင့် အင်တာနက်ဆိုင်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုတွေပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေအပါ ပြည်သူ(၁၂)ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီအကျော်မှာ မကွေးဖက်ဒရယ်ယူနစ်လက်အောက်ရှိ၊ ရေစကြိုမြို့နယ်၊ သစ်ခေါက်ဆိပ်ရွာနဲ့ သစ်ကြီးတောရွာမှာရှိတဲ့ စတားလင့်အင်တာနက်ဆိုင်တွေကို တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စတားလင့်အင်တာနက်ဆိုင်တွေဟာ ပြည်သူတွေ သတင်းအချက်အလက်ယူရာ ဆိုင်တွေဖြစ်ပြီး စစ်အုပ်စုဘက်မှ ညောင်ဦးနဲ့ မကွေးလေတပ်တို့မှ Mi 35 ၂ စီး၊ ဂျက်ဖိုက်တာ ၂ စီး၊ ပခုက္ကူ တပ်မ၁၀၁ မှ ဒရုန်း၂စီး အသုံးပြုကာ တိုက်ခိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် အသက်(၁)နှစ်အရွယ် နဲ့ အသက်(၁၀)နှစ်ရွယ်ကလေးတွေအပါ ပြည်သူ(၁၂)ဦးထိသေဆုံးပြီး ပြည်သူ(၂)ဦးဒဏ်ရာရကာ နေအိမ်(၄)လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင်နောက်ဆက်တွဲအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအရှိန်ကြောင့် နွား(၂)ကောင်လည်း ပြင်းထန်ဒဏ်ရာတွေဖြင့် သေဆုံးခဲ့ရပြီး အနီးအနားက သစ်ကြီးတော၊ ဝက္ကတော၊ ပိတ်သင်းကပ်နဲ့ သစ်ခေါက်ဆိပ်ရွာတွေက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ ထုတ်ပြန်ထားပါတယ်။