Monday, October 19, 2026
Home » CC နဲ့ ICNCC တို့ ချင်းအမျိုးသားကောင်စီ ပူးတွဲဖွဲ့စည်းဖို့ သဘောတူညီမှုရရှိ

CC နဲ့ ICNCC တို့ ချင်းအမျိုးသားကောင်စီ ပူးတွဲဖွဲ့စည်းဖို့ သဘောတူညီမှုရရှိ

0 25
25

ချင်းပြည်နယ်အခြေစိုက် အဓိက နိုင်ငံရေးအဖွဲ့အစည်းကြီး နှစ်ခုဖြစ်တဲ့ ချင်းပြည်ကောင်စီ (CC) နဲ့ ကြားကာလ ချင်းအမျိုးသားကောင်စီ (ICNCC) တို့ဟာ ချင်းအမျိုးသားကောင်စီ (CNC) ဆိုတဲ့ ဘုံအဖွဲ့အစည်းတစ်ရပ် ပူးတွဲဖွဲ့စည်းဖို့ အောက်တိုဘာ ၁၆ ရက်နေ့မှာ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

အဆိုပါ သဘောတူညီချက်ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၌ ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိခဲ့ခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လယ်လ်ဒူဟိုးမားရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကြားဝင်ညှိနှိုင်းရေးအဖွဲ့ (Advocacy Group) က ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲအတွင်း CNC စနစ်တကျ ပေါ်ပေါက်လာရေးအတွက် နှစ်ဖက်စလုံးက လမ်းပြမြေပုံကိုပါ အတည်ပြုခဲ့ကြပါတယ်။

ယခုဖွဲ့စည်းမယ့် CNC ရဲ့ အဓိက ရည်ရွယ်ချက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့၊ ချင်းပြည်နယ်အတွင်း ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာစေဖို့နဲ့ ချင်းလူမျိုးတို့ရဲ့ နယ်မြေနဲ့ နိုင်ငံရေးဆိုင်ရာ မျှော်မှန်းချက်များကို ထိရောက်စွာ ဖော်ဆောင်နိုင်ရန် တို့ဖြစ်ပါတယ်။

CNC စနစ်တကျ အကောင်အထည်ဖော်နိုင်ဖို့ နှစ်ဖက်စလုံးက အဆင့်နှစ်ဆင့်ပါဝင်တဲ့ လမ်းပြမြေပုံကို အတည်ပြုခဲ့ကြရာ ပထမအဆင့်အနေဖြင့် အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခနဲ့ ရန်လိုတိုက်ခိုက်မှုတွေကို အပြီးတိုင် ရပ်တန့်ဖို့၊ နှစ်ဖက် ထိန်းချုပ်နယ်မြေတွေကို အပြန်အလှန် အသိအမှတ်ပြု လေးစားဖို့နဲ့ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ ဦးစားပေး ဆောင်ရွက်သွားမယ်ဖြစ်ပါတယ်။

ဒုတိယအဆင့်မှာ နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်တဲ့ ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းကာ Advocacy Group နဲ့ ပူးပေါင်း၍ဖြစ်စေ၊ သီးခြားဖြစ်စေ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ပြီး CNC စနစ်တကျ လည်ပတ်နိုင်ရေးနဲ့ ရေရှည်တည်တံ့မယ့် နိုင်ငံရေးအဖြေ ရရှိရေး လုပ်ငန်းစဉ်ကို ရေးဆွဲသွားမှာ ဖြစ်ပါတယ်။

CNC ကို တရားဝင် မဖွဲ့စည်းနိုင်မီ အကူးအပြောင်းကာလအတွင်း အရေးကြီး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ နှစ်ဖက် ကိုယ်စားလှယ်တွေ် ပါဝင်တဲ့ ဦးဆောင်ကော်မတီကို Advocacy Group ရဲ့ ကူညီမှုဖြင့် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

ဒါ့ပြင် ပဋိပက္ခ ထိန်းချုပ်ရေးအတွက် စည်းမျဉ်းတွေ၊ ရေးဆွဲတာ CC၊ ICNCC နဲ့ Advocacy Group တို့ ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းကာ လက်နက်ကိုင် နည်းလမ်းအပါအဝင် ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ရန်လိုမှုမှန်သမျှကို ချက်ချင်း ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

အကူးအပြောင်းကာလ စနစ်တကျရှိစေရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီနဲ့ အကူးအပြောင်းကာလ ကော်မတီတို့ကို သီးခြားစီ ဖွဲ့စည်းဆောင်ရွက်မှာဖြစ်ပြီး CNC ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ချင်းလူမျိုးတို့ရဲ့ တော်လှန်ရေးဆိုင်ရာ ဦးတည်ချက်ကို အပြည့်အဝ ထင်ဟပ်ကာ ပြည်တွင်း/ပြည်ပရှိ ချင်းလူမျိုး ပါဝင်ပတ်သက်သူအားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကိုးကား-Times of India

Leave a Comment

Latest Post

Latest Post