အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းသမ္မတ ဇာလန်းစကီးဟာ ရုရှားသမ္မတ ပူတင် ထက်ပင် ဆက်ဆံရ ပိုပြီးခက်ခဲတဲ့သူ ဖြစ်တယ်လို့ Newsmax သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
Newsmax သတင်းဌာနရဲ့ Rob Finnerty နဲ့ အင်တာဗျူးမှာ သမ္မတ ထရမ့်ပ်က ယူကရိန်းနဲ့ အမေရိကန်ကြား ဆက်ဆံရေးအကြောင်း ဖြေကြားရင်း ဇာလန်းစကီးအပေါ် မကျေနပ်တာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တာပါ။
“ဇာလန်းစကီးဟာ ပူတင်ထက် ဆက်ဆံရ ပိုခက်တယ်လို့ ကျုပ်မြင်တယ်။ ဇာလန်းစကီးဟာ ကျုပ်တို့ ဆက်ဆံဖို့ ကောင်းတဲ့လူစားမျိုး မဟုတ်ပါဘူး။ သူက စစ်ပွဲကို ပြီးပြတ်အောင် ဖြေရှင်းချင်ပုံ မရပါဘူး။ ဖြေရှင်းချင်တယ်လို့ ပြောပေမဲ့ တကယ်တမ်း မဟုတ်ပြန်ဘူး။ ပြောရရင် ကျုပ်ကတော့ ဇာလန်းစကီးကို သဘောမကျပါဘူး” လို့ ထရမ့်က ပြောခဲ့ပါတယ်။
အင်တာဗျူးထဲမှာ ထရမ့်က ယူကရိန်းဘက်က ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို ဒရုန်းနဲ့ တိုက်ခိုက်နေတာကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့စက်သုံးဆီဈေးတွေ တက်လာရတယ်လို့ ဆိုပါတယ်။
“ဒါဟာ တကယ်ကို ရှက်စရာကောင်းတဲ့ ကိစ္စပါ။ တိုက်ခိုက်စရာ တခြားပစ်မှတ်တွေ အများကြီးရှိပါသေးတယ်။ တိုက်လို့ရတဲ့ ပစ်မှတ်တွေ အများကြီး ရှိတာကိုမှ ရေနံချက်စက်ရုံတွေကို သွားတိုက်နေတာပါ” လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေး စည်းမျဉ်းတွေကြောင့် ယူကရိန်းမှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ဘဲ ကြန့်ကြာနေတဲ့ ကိစ္စကိုလည်း ထရမ့်က ထည့်ပြောသွားပါတယ်။
ခုလို စစ်ပွဲဖြစ်နေချိန်မှာ ဇာလန်းစကီးအနေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို ဆက်ရထားရဲ့လားဆိုတာ သံသယရှိတယ်လို့ ပြောခဲ့ပါတယ်။
“ယူကရိန်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ လိုတယ်လို့ ကျုပ်ထင်တယ်။ ဘာလို့လဲဆိုတော့ မိမိတို့ရဲ့ တိုက်ခန်းတွေပေါ် ဒုံးကျည်တွေ ကျရောက်မှန်ကန်နေတာကို ယူကရိန်းပြည်သူတွေ ကျေနပ်နေကြတယ်လို့ ကျုပ်ကို ဘယ်သူမှ လာမပြောလို့ပါပဲ” လို့ ပြောခဲ့တာပါ။
ဒါ့အပြင် ခေါင်းဆောင်နှစ်ယောက်ကြားက ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အဓိက အဟန့်အတား ဖြစ်နေတယ်လို့လည်း ထရမ့်က ထည့်ပြောသွားခဲ့ပါတယ်။
“ပူတင်က ဇာလန်းစကီးကို မုန်းတယ်၊ ဇာလန်းစကီးကလည်း ပူတင်ကို မုန်းတယ်။ အဲဒီလို မုန်းတီးမှုမျိုး ရှိနေတဲ့အခါ အရာရာကို ပြေလည်အောင် ဖြေရှင်းဖို့ဆိုတာ သိပ်ကို ခက်ခဲပါတယ်” လို့ ပြောခဲ့ပါတယ်။