Thursday, August 6, 2026
Home » မလှိုင်မြို့မှာ စစ်ကောင်စီတပ်က အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ၁၀ ဦးကို ပေါ်တာဆွဲသွား

မလှိုင်မြို့မှာ စစ်ကောင်စီတပ်က အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ၁၀ ဦးကို ပေါ်တာဆွဲသွား

1 64
64

မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် မြို့ခံ ၁၀ ဦး ကို မနေ့က ညနေပိုင်းမှာ ပေါ်တာဆွဲသွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ လမ်းသွားလမ်းလာနဲ့ နေအိမ်အတွင်းမှာရှိနေကြတဲ့ အရပ်သားလူငယ်တွေကို ဝင်ရောက်ကာ ပေါ်တာဆွဲသွားခဲ့တာလည်း ဖြစ်ပါတယ်။

” မနေ့က ၁၀ ယောက်ပါသွားပါတယ်။ အသက်ငယ်တဲ့သူတွေကို ဆွဲတာပါ။ မနေ့ကဆိုရင် အသက်မပြည့်သေးတဲ့ ကလေးတွေတောင် ပါတယ်လို့သိရပါတယ်။ စစ်ကောင်စီဟာ တစ်ခါတည်း ဆွဲတာမျိုးမလုပ်ဘဲ တနေရာမှာ ၂ယောက်၊ ၃ ယောက် အဲလိုပုံစံမျိုးနဲ့ ဆွဲနေတာပါ”

လို့ မလှိုင်ဒေသခံ တစ်ဦးက BBM ကို ပြောပါတယ်။ မလှိုင်မြို့မှာ စစ်ရေးအရ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီရဲ့ ပေါ်တာဆွဲမှုတွေ ပိုမိုပြုလုပ်လာနေတာကြောင့် ဒေသခံပြည်သူလူငယ်တွေအနေနဲ့ သတိထားဆင်ခြင်သွားလာကြဖို့ မလှိုင်မြို့ဒေသခံတွေက ပြောဆိုနေကြပါတယ်။

“စစ်ကောင်စီတပ်က တနေ့ကို ၅ ယောက် လောက်ကို မတူတဲ့နေရာတွေက ရသလိုပေါ်တာဆွဲနေတာပါ။ အရင်လို မြို့ပေါ်မှာ ဆူဆူညံညံဖြစ်သွားအောင်တော့ မဆွဲတော့ဘူးဗျ။ ရပ်ကွက်တစ်ခုက တစ်ယောက်၊ နှစ်ယောက်ပါသွားရင် အဲဒီရပ်ကွက်ကို နောက်ထပ်မဆွဲဘဲ ထားထားတာရှိပါတယ်။ စစ်ကောင်စီက အဲဒီလိုမျိုးလုပ်နေတော့ ဒေသခံတွေကလည်း မရှောင်ကြဘူးဖြစ်နေတာပါ ”

လို့ မလှိုင်ဒေသခံ နောက်ထပ်တစ်ဦးက BBM ကို ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲမှုခံရတဲ့သူတွေကို စစ်သင်တန်းတက်ရောက်ဖို့အတွက် မိတ္ထီလာမြို့နယ်ရှိ တပ်ရင်း၊ တပ်မတွေကို တိုက်ရိုက်ပို့ဆောင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလစကာ တစ်နိုင်ငံလုံးမှာ စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်ပြီးနောက် စစ်သင်တန်းတက်ရောက်ဖို့အတွက် လူငယ်တွေကို ပေါ်တာဆွဲ လူသစ်စုဆောင်းနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းသင်တန်းဟာ အပတ်စဥ် ၁၆ ပြီးမြောက်သွားခဲ့ပြီဖြစ်ပြီး နောက်ထပ် အပတ်စဥ် ၁၇ ကို စစ်သင်တန်သား စတင်ခေါ်ယူနေပြီးလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဥ်တစ်ခုကို သင်တန်းသား ၅၀၀၀ ခန့်စီ ခေါ်ဆောင်နေတာဖြစ်ပြီး စစ်မှုထမ်းသင်တန်းဆင်းတွေကိုလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။

1 comment

www.binance.info注册 July 31, 2026 - 3:33 pm

Thanks for sharing. I read many of your blog posts, cool, your blog is very good. https://accounts.binance.bh/en/register-person?ref=ILE8IH9H

Reply

Leave a Comment

Latest Post

Latest Post