အီရန်၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင် အစ္စမေးလ် ကာအာနီ (Esmail Qaani) ဆိုတာ ဘယ်သူလဲ။ ၎င်းက သူလျှိုလားဆိုသော မေးခွန်းသည် မကြာသေးမီက အာရပ်မီဒီယာများနှင့် လူမှုကွန်ရက်များတွင် ပေါ်ထွက်လာခဲ့သဖြင့် ၎င်းအပေါ် ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှုမြင့်တက်လာခဲ့သည်။ အစ္စမေးလ် ကာအာနီသည် အရှေ့အလယ်ပိုင်းတစ်ခွင်ရှိ အီရန်၏ပြည်ပစစ်ဆင်ရေးများကို အဓိကတာဝန်ယူရသည့် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်(IRGC) လက်အောက်ခံ Quds တပ်ဖွဲ့၏ခေါင်းဆောင် ဖြစ်သည်။
မကြာသေးမီက အာရပ်မီဒီယာများနှင့် လူမှုကွန်ရက်များတွင်ပျံ့နှံ့နေသော သတင်းများအရ အီရန်၏လျှို့ဝှက်ချက်များ အစ္စရေးထံပေါက်ကြားသွားမှုအပေါ် သံသယရှိသဖြင့် ၎င်းကို ဖမ်းဆီးထားခြင်း သို့မဟုတ် ကွပ်မျက်လိုက်ခြင်းမျိုးရှိနိုင်ကြောင်း ခန့်မှန်းဖော်ပြနေကြသော်လည်း တီဟီရန်အစိုးရကမူ တစုံတရာအတည်ပြုခြင်း မရှိသေးပါ။ ထိုသို့သောသံသယများ ပေါ်ပေါက်လာရခြင်းမှာ အီရန်နှင့် ဟစ်ဇဘိုလာ ထိပ်တန်းခေါင်းဆောင်များစွာ လေကြောင်းတိုက်ခိုက်ခံရပြီးသေဆုံးခဲ့သော်လည်း ကာအာနီမှာမူ အဆိုပါတိုက်ခိုက်မှုများကနေ အကြိမ်ကြိမ်လွတ်မြောက်နေခြင်းကြောင့်ဖြစ်သည်။
အစ္စမေးလ် ကာအာနီ ဆိုတာ ဘယ်သူလဲ…….?
အစ္စမေးလ် ကာအာနီ သည် အီရန်စစ်တပ်က ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး Quds တပ်ဖွဲ့၏ ကာကွယ်ရေးခေါင်းဆောင်ဖြစ်သည်။ ထိုတပ်ဖွဲ့သည် အီရန်နိုင်ငံ၏ ပြည်ပစစ်ဆင်ရေးနှင့် လျှို့ဝှက်သတင်းထောက်လှမ်းရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည်။ ၎င်းကို ၁၉၅၇ ခုနှစ်တွင် အီရန်နိုင်ငံ၊ မက်ရှ်ဟတ်ဒ် (Mashhad) မြို့၌မွေးဖွားခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) သို့ စတင်ဝင်ရောက်ခဲ့ပြီး အီရန် – အီရတ် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ၁၉၉၇ ခုနှစ်၊ ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလေမာနီ (Qassem Soleimani ) လက်အောက်တွင် Quds တပ်ဖွဲ့ ဒုတိယတပ်မှူးအဖြစ် တာဝန်ယူခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း ရာထူးအဆင့်ဆင့် တိုးမြှင့်ခံခဲ့ရသည်။
အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ဆိုလေမာနီ သည် ဘဂ္ဂဒက်မြို့၌သေဆုံးသွားပြီးနောက် ကာအာနီသည် Quds တပ်ဖွဲ့၏ အကြီးအကဲသစ်ဖြစ်လာခဲ့သည်။ ၎င်းသည် အီရန်၏ ပြည်ပစစ်ဆင်ရေးများနှင့် အရှေ့အလယ်ပိုင်းရှိ မဟာမိတ်အဖွဲ့အစည်းများကို ပေါင်းစပ်ညှိနှိုင်းပေးရသည့် အဓိကတာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။
အစ္စမေးလ် ကာအာနီ က သူလျှိုလား…..?
ကာအာနီ သူလျှိုဖြစ်သည်ဆိုသည့်အထောက်အထား ခိုင်ခိုင်လုံလုံမရှိသေးပါ။ အစ္စရေးထံ သတင်းများပေါက်ကြားမှုနှင့်ပတ်သက်၍ ၎င်းအား စစ်ဆေးမေးမြန်းခြင်း သို့မဟုတ် ဖမ်းဆီးခြင်းခံထားရသည်ဟူသော သတင်းအချို့နှင့် လူမှုကွန်ရက်များပေါ်တွင့် ပြောဆိုချက်တချို့ထွက်ပေါ်ခဲ့ဖူးသော်လည်း စင်စစ်တော့ အဆိုပါသတင်းများက ခိုင်လုံသောသက်သေမရှိဘဲ ထွက်ပေါ်နေခြင်းသာဖြစ်သည်။ အထူးသဖြင့် အစ္စရေး တိုက်ခိုက်မှုများကြောင့် အီရန်နှင့် ၎င်း၏မဟာမိတ်ခေါင်းဆောင်တချို့ သေဆုံးခဲ့သော်လည်း ကာအာနီ မှာမူ အသက်ဘေးမှ အကြိမ်ကြိမ်လွတ်မြောက်ပြီးနောက်မှာတော့ ကောလာဟလများ ပိုမိုထွက်ပေါ်လာခဲ့ သည်။ သို့သော်လည်း အီရန်အရာရှိများက အဆိုပါစွပ်စွဲချက်များကိုငြင်းဆိုထားပြီး မမှန်ကန်သောသတင်းများအဖြစ် သတ်မှတ်ထားသည်။ လက်ရှိအချိန်အထိတော့ ကာအာနီ သည် သူလျှိုဖြစ်ကြောင်း သို့မဟုတ် ကွပ်မျက်ခံရကြောင်း တရားဝင်အတည်ပြုချက် မရှိသေးပါ။
အစ္စမေးလ် ကာအာနီ ကို သတ်လိုက်ပြီလား…..?
အာရပ်မီဒီယာအချို့၏အဆိုအရ ကာအာနီ သည် အီရန်ခေါင်းဆောင်များအပေါ် သစ္စာဖောက်ခဲ့သည်ဆိုသောသံသယဖြင့် ဖမ်းဆီးစစ်ဆေးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း ခံခဲ့ရနိုင်သည်ဟု ဆိုကြသည်။ သို့သော် အီရန်အစိုးရကမူ အဆိုပါသတင်းများကို အတည်ပြုထားခြင်းမရှိပါ။ အီရန်နှင့် အစ္စရေးပဋိပက္ခများအတွင်း ဆက်တိုက်ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများနှင့် လျှို့ဝှက်သတင်းထောက်လှမ်းရေး စုံစမ်းစစ်ဆေးမှုများနောက်ပိုင်း ယင်းသံသယများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
အီရန်ခေါင်းဆောင်များအတွင်း စပိုင်ရှိနိုင်ကြောင်းသံသယ
အီရန်အစိုးရအတွင်း လျှို့ဝှက်သူလျှိုတစ်ဦးရှိနိုင်သည်ဆိုသောသံသယ အီရန်အာဏာပိုင်များတွင်ရှိလာပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟူသောသတင်းများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ စုံစမ်းမှုများသည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်နှင့်မဟာမိတ်ခေါင်းဆောင်များသေဆုံးခဲ့ပြီးနောက် စတင်ခဲ့ခြင်းဖြစ်သည်။ အချို့သတင်းများကတော့ ကာအာနီ ကို IRGC က ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော် ယင်းအချက်များသည် အတည်မပြုရသေးသော သတင်းများဖြစ်နေဆဲ ဖြစ်သည်။
အခြားခေါင်းဆောင်တွေသေဆုံးခဲ့ပေမယ့် ကာအာနီ ဘယ်လိုလွတ်မြောက်ခဲ့သလဲ…….?
အခြားခေါင်းဆောင်များသေဆုံးခဲ့သော တိုက်ခိုက်မှုများမှ ကာအာနီ အကြိမ်ကြိမ်လွတ်မြောက်ခဲ့ခြင်းကြောင့် သံသယများပိုမိုတိုးလာခဲ့သည်။ သတင်းများအရဆိုလျှင် ကာအာနီ သည် အလီ ခါမေနီ သေဆုံးခဲ့သော တီဟီရန်ရှိ မြေအောက်ဘန်ကာတိုက်ခိုက်မှုမဖြစ်မီ မိနစ်အနည်းငယ်အလိုတွင် ထွက်ခွာသွားခဲ့သည်ဟု ဆိုကြသည်။ အဆိုပါတိုက်ခိုက်မှုတွင် အစ္စရေးလေယာဉ် ၅၀ ခန့်ပါဝင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ထို့အပြင် ဟစ်ဇဘိုလာခေါင်းဆောင်ဖြစ်သူ ဟက်ဆန် နာဆာရူလာ – Hashem Safieddine သေဆုံးခဲ့သော ဘန်ကာပေါက်ကွဲမှုတွင်လည်း ကာအာနီ ပါဝင်ခဲ့သည်ဟု အစောပိုင်းသတင်းများထွက်ခဲ့သော်လည်း အဆိုပါဘန်ကာပေါက်ကွဲမှုတွင် သူရှိမနေခဲ့ကြောင်း နောက်ပိုင်းတွင် သတင်းများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ထို့အတူ နောက်ထပ်ဟစ်စဘိုလာခေါင်းဆောင် ဟာရှမ် ဆာဖီဒင်း – Hassan Nasrallah တိုက်ခိုက်ခံရမှုကနေလည်း ကာအာနီ လွတ်မြောက်ခဲ့ပြန်ပါသည်။
“အသက်ကိုးချောင်းရှိသူ” အမည်ဖြင့် လူသိများလာခြင်း
ကာအာနီသည် တိုက်ခိုက်မှုများစွာကနေ အံ့ဩဖွယ်လွတ်မြောက်ခဲ့ခြင်းကြောင့် ၎င်းကို “အသက်ကိုးချောင်းရှိသူ” (The Man With Nine Lives) ဟု အမည်ပြောင်ဖြင့် ခေါ်ဝေါ်လာကြသည်။ ၎င်းသည် အကြိမ်ပေါင်း များစွာတိုက်ခိုက်ခံခဲ့ရသည်ဟူသောသတင်းများ အတိတ်က အကြိမ်ကြိမ်ပေါ်ထွက်ခဲ့ဖူးသော်လည်း နောက်ပိုင်းမှာတော့ အသက်ရှင်လျက် လွတ်မြောက်လာခဲ့သည်ချည်းဖြစ်သည်။
၂၀၂၆ အစ္စရေး လေကြောင်းတိုက်ခိုက်မှုမှလွတ်မြောက်ခြင်း
တီဟီရန်ရှိ မြေအောက်ဘန်ကာတစ်ခုကို အစ္စရေးကတိုက်ခိုက်ခဲ့စဉ်အတွင်း အီရန်၏အဆင့်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့သော်လည်း ကာအာနီမှာ တိုက်ခိုက်မှုမစမီမိနစ်ပိုင်း အလိုတွင် ထိုနေရာမှထွက်ခွာသွားခဲ့သဖြင့် လွတ်မြောက်ခဲ့သည်။
ဟစ်ဇဘိုလာခေါင်းဆောင်များတိုက်ခိုက်ခံရမှုများမှလွတ်မြောက်ခြင်း
ဟစ်ဇဘိုလာခေါင်းဆောင် ဟက်ဆန် နာဆာရူလာ နှင့် ဟာရှမ် ဆာဖီဒင်း တို့သေဆုံးခဲ့သည့် တိုက်ခိုက်မှုများတွင်လည်း ၎င်းပါဝင်သည်ဟု ထင်ကြေးပေးခဲ့ကြသော်လည်း ၎င်းသည် ထိုအစည်းအဝေးများ၌ ရှိမနေ ခဲ့ကြောင်း နောက်ပိုင်းတွင် သတင်းများထွက်ပေါ်လာသည်။
မော့ဆက် (Mossad) နှင့်ပတ်သက်သည့် ကောလာဟလများ
၂၀၂၅ ခုနှစ်အတွင်း ကာအာနီနှင့် အမည်မဖော်လိုသူတစ်ဦးတွေ့ဆုံနေသည့်ဓာတ်ပုံတစ်ပုံကို မော့ဆက်ကထုတ်ပြန်ခဲ့ပြီး ၎င်းနှင့် အစ္စရေးထောက်လှမ်းရေးအကြား ဆက်နွယ်မှုရှိနိုင်ကြောင်း အရိပ်အမြွက် ပြသခဲ့သည်။ သို့သော် ကာအာနီ ကမူ ဤကောလာဟလများသည် ၎င်းရှိရာနေရာကို ခြေရာခံရန်ကြိုးပမ်းမှုသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ထို့အပြင် မော့ဆက်နှင့် ဆက်နွယ်နေသည့် လူမှုကွန်ရက်စာမျက်နှာ တစ်ခုကလည်း ကာအာနီ သည် သူလျှိုမဟုတ်ကြောင်း ပြန်လည်ဖော်ပြခဲ့ပြန်သည်။
အမေရိကန် – အစ္စရေးတို့၏ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်း အီရန်နိုင်ငံကိုတိုက်ခိုက်မှုများအပြီးမှာတော့ ကာအာနီ ကို အစ္စရေးဘက်က ကယ်ထုတ်သွားနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ၎င်းသည် အစ္စရေးနိုင်ငံတွင်ရောက်ရှိနေသည်ဆိုသောသတင်းများ ထွက်ပေါ်လာခဲ့ပြန်သည်။ အီရန်အစိုးရကတော့ ကာအာနီနှင့်ပတ်သက်သည့် ဖမ်းဆီးမှု သို့မဟုတ် ကွပ်မျက်မှုဆိုင်ရာ သတင်းမှန်သမျှကို အတည်ပြုခြင်းမရှိဘဲ နှုတ်ဆိတ်နေဆဲဖြစ်သည်။
ကာအာနီ သည် ယခင်တုန်းကလိုပင် ယခုတစ်ကြိမ်တွင်လည်း လွတ်မြောက်သွားဦးမည်လား မသိပါ။
Ref: The Economic Times (Who is Esmail Qaani,and was Iran’s top military leader a spy? Reports raise questions about IRGC Quds Force chief)
1 comment
I have learn a few excellent stuff here. Certainly price bookmarking for revisiting. I wonder how so much attempt you place to create such a fantastic informative site.