Saturday, June 20, 2026
Home » မြင်းခြံ၊နွားထိုးကြီးဘက်က တော်လှန်ရေးစိုးမိုးရာကျေးရွာတစ်ရွာသိမ်းနိုင်ရင် သိန်းတစ်ထောင်ပေးမယ်လို့ စစ်တပ်က သီတာယုမွန်ပျူအဖွဲ့ကို ကမ်းလှမ်း

မြင်းခြံ၊နွားထိုးကြီးဘက်က တော်လှန်ရေးစိုးမိုးရာကျေးရွာတစ်ရွာသိမ်းနိုင်ရင် သိန်းတစ်ထောင်ပေးမယ်လို့ စစ်တပ်က သီတာယုမွန်ပျူအဖွဲ့ကို ကမ်းလှမ်း

1 39
39

🟥 စစ်ဆင်ရေးနဲ့ပတ်သတ်ပြီး ပျူအဖွဲ့ပြောတာကိုတောင် လပခ မှ ပိုမိုယုံကြည်နေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားရာဒေသတွေနဲ့ကျေးရွာတွေကို သိမ်းပိုက်နိုင်ရင် စစ်တပ်မှ တစ်ရွာလျှင် သိန်းတစ်ထောင်နှုန်းနဲ့ဆုချီးမြင့်မယ်ဆိုပြီး သီတာယုမွန်ဦးဆောင်တဲ့ ပျူအဖွဲ့ကို ကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီအနေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းရာ မြန်မာပြည်အလယ်ပိုင်းအတွင်းက မြင်းခြံ၊နွားထိုးကြီး၊တောင်သာဒေသတို့ကို စစ်ကြောင်းထိုးရာမှာ ၎င်းလက်အောက်ခံတပ်တွေကိုသာမက ဒေသခံပျူစောထီးများ အထူးသဖြင့်မြင်းခြံမှ သီတာယုမွန်ခေါင်းဆောင်တဲ့ ပျူစောထီးတပ်ဖွဲ့များကို အားကိုးပြီး စစ်ကြောင်းထိုးတာတွေပြုလုပ်တယ်လို့ သိရပါတယ်။

အဆိုပါနယ်မြေကျွမ်းကျင်တဲ့ ပျူစောထီးတပ်ဖွဲ့များကို ခေါ်ယူအသုံးချပြီး စစ်ကြောင်းထိုးရာမှာတော်လှန်ရေးတပ်ဖွဲ့များကိုသာ ပစ်မှတ်ထားစစ်ကြောင်းထိုးတာမျိုးမဟုတ်ဘဲ တော်လှန်ရေးအားကောင်းရာဒေသမှ ပြည်သူတွေရဲ့နေအိမ်တွေကိုလည်း ပစ်မှတ်ထားကာ ဖောက်ထွင်းခိုးယူတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေပြုလုပ်တယ်လို့ သိရပါတယ်။

အခုအခါမှာတော့ စစ်ကောင်စီအနေနဲ့ မြင်းခြံမြို့နယ်အတွင်းမှ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတပ်ဖွဲ့ကို တော်လှန်ရေးစိုးမိုးရာ ဒေသတွင်းမှ ကျေးရွာတစ်ရွာကိုသိမ်းနိုင်လျှင် သိန်းတစ်ထောင်ဆုချမယ်လို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းရာ ကျေးရွာတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာလည်း အနည်းဆုံး(၅)ရွာအထိ သိမ်းပိုက်ပေးရမှာဖြစ်ပြီး (၅)ရွာပြည့်မှ ပိုက်ဆံအားလုံးကို စုထုတ်ပေးမယ်လို့ ပြောဆိုထားတာသိရှိရတယ်လို့လည်း စစ်တပ်ဘက်မှထွက်ခွါကာ တောင်သာ ပကဖ မှာတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ဦးမှ BBM ကိုပြောပါတယ်။

“လပခ တိုင်းက သီတာယုမွန်ကို အထင်ကြီးပြီး လိုအပ်တဲ့ အင်အား လက်နက် ရိက္ခာထောက်ပံ့ပေးမယ် pdf စိုးမိုးနယ်မြေထဲက ရွာတစ်ရွာ သိမ်းနိုင်ရင် သိန်းတစ်ထောင်ပေးမယ်လို့ပြောတယ် အနည်းဆုံး ငါးရွာ‌သိမ်းပေးနိုင်ရမယ်ပေါ့”

သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတပ်ဖွဲ့တွေအနေနဲ့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းက Myingyan Black Tiger (MBT)တပ်ဖွဲ့ တပ်ရင်း(၃)ရဲ့ စခန်းအချို့ကို သိမ်းပိုက်ရရှိပြီးနောက် လပခ တိုင်းအတွင်းမှ အဆိုပါကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တာမျိုးဖြစ်တယ်လို့လည်း သိရပါတယ်။

“MBT ရင်း(၃)ရဲ့ စခန်းတစ်ခုနှစ်ခုလောက်ရသွားတော့ လပခ က သီတာယုမွန်ကို အထင်ကြီးပြီး လိုတံလက်နက်ထောက်ပံ့ပေးမယ်၊ ရအောင်သိမ်းပေးလို့ပြောတာ၊ အမှန်က ဒီဘက်က ခွါစစ်ဆင်ပေးလိုက်တဲ့သဘောပဲ”

ဒါတင်မက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းကစစ်ခေါင်းဆောင်တွေအနေနဲ့ မြင်းခြံ၊တောင်သာ၊နွားထိုးကြီးဒေသတစ်ဝိုက်က တိုက်ပွဲအခြေအနေနဲ့ပတ်သတ်ပြီး ၎င်းလက်အောက်က စစ်သားတွေပြောတာထက် ပျူစောထီးတွေပြောတာမျိုးကို ပိုမိုယုံကြည်တာတွေရှိတယ်လို့လည်း အဆိုပါရဲဘော်မှ ဆက်ပြောပါတယ်။

“အစ်ကိုတပ်မှာရှိတုန်းက ဒီဘက်တွေစစ်ကြောင်းထိုးတယ်၊ အဲ့သတင်း အစ်ကိုတို့ ဆီက ဗိုလ်မှူးကြီးအဆင့်လောက်ပြောရင်တောင် ဘောင်မဝင်ဘူး မြေပြင်အခြေအနေကို ဒါပေမဲ့ သူတို့(ပျူစောထီး)တွေ ပြောရင် ယုံတယ်”

စစ်ကောင်စီအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းရာ မြင်းခြံဒေသတစ်ဝိုက်ကို ပြီးခဲ့တဲ့လပိုင်းတွေကစပြီး ဖြတ်လေးဖြတ်ပုံစံ ကျင့်သုံးနေတာတွေရှိသလို မလှိုင်မြို့နယ်မှတဆင့် စစ်အင်အားများဖြည့်တင်းကာ စစ်ကြောင်းထိုးတိုက်ခိုက်နေတာတွေလည်း ပြုလုပ်လျက်ရှိတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။

1 comment

xn88 June 10, 2026 - 6:50 am

xn88 luôn cập nhật phiên bản mới để tối ưu hiệu năng, giảm giật lag và nâng cao trải nghiệm. Đây là yếu tố quan trọng giúp nền tảng giữ được lượng người chơi ổn định. TONY06-05

Reply

Leave a Comment

Latest Post

Latest Post