Tuesday, October 13, 2026
Home » မွန်ပြည်နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး အရပ်သားတွေကို ဖမ်းဆီးငွေညှစ်နေ

မွန်ပြည်နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး အရပ်သားတွေကို ဖမ်းဆီးငွေညှစ်နေ

1 88
88

စစ်ကောင်စီက လာမယ့် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ပြုလုပ်မဲ့ ရွေးကောက်ပွဲနှောင့်ယှက်မှု မရှိစေရေးအတွက် မွန်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ လုံခြုံရေးတင်းကြပ်ထားပြီး အရပ်သားတွေကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

မွန်ပြည်နယ်မြို့တော် မော်လမြိုင်အပါအဝင် မြို့နယ်အများစုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲ၊ ပြည်သူ့လုံခြုံရေး အဖွဲ့(ခေါ်) ပျူစောထီးပူးပေါင်းအဖွဲ့တွေက နေရာအနှံ့မှာ လုံခြုံရေးတင်းကြပ်ထားတာပါ။

အဲဒီထဲက ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပဖို့ စီစဉ်ထားတဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ သထုံ၊ ကျိုက်မရော၊ ကျိုက်ထိုမြို့နယ်တွေမှာ လုံခြုံရေးအထူးတင်းကြပ်ထားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

“ဒီလလယ်လောက်မှာ စပြီးတော့ စစ်ဆေးတာ ပိုကြမ်းလာတယ်၊ ရွေးကောက်ပွဲလုံခြုံရေးလို့‌ ပြောတယ်၊ ရွေးကောက်ပွဲကျင်းပမယ့် မြို့တွေမှာ ပိုများတယ်၊ ခါတိုင်းစစ်ဆေးတဲ့အခါမှာ စစ်သားနဲ့ ရဲတွေပဲ၊ အခုက အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတဲ့ ပျူစောထီးတွေလည်း ပါတယ်၊ နေ့ပိုင်းညပိုင်းအကုန်စစ်တာနော်၊ မြို့ထဲလည်း အရပ်ဝတ်နဲ့ ကားနဲ့ လှည့်နေတာ လုပ်နေတယ်”

လို့ သထုံမြို့ခံတဦးက BBM ကို ပြောပါတယ်။ လက်ရှိ မြို့ပေါ်သာမက ကျေးရွာတွေဘက်မှာလည်း ညပိုင်းအပြင် နေ့ဘက်ဧည့်စာရင်းစစ်ဆေးမှုတွေလည်း ပိုလုပ်လာသလို မြို့အဝင်အထွက်နဲ့ မြို့လယ်ခေါင်တွေမှာ လျှက်တပြက်ဂိတ်ချစစ်ဆေးမှုတွေ ခပ်စိပ်စိပ် ပြုလုပ် လာတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီလို စစ်ဆေးတဲ့အခါမှာ မသင်္ကာတဲ့သူတွေကို ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေညှစ်ခြိမ်းခြောက်တာ တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ငွေကြေးမတက်နိုင်တဲ့သူတွေကို အကြောင်းအမျိုးမျိုးပြပြီး စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ် စုဆောင်းခံ လိုက်ရသူတွေလည်း ရှိတယ်လို့ ကျိုက်ထိုမြို့ခံတဦးက ပြောပါတယ်။

“ပိုက်ဆံတောင်းတယ်၊ မရရင်တော့ လူငယ်ဆို စစ်မှုထမ်းပို့ခံရတာပဲ၊ သူတို့က ပုံစံကြည့်တာပေါ့၊ ပညာတက် မိသားစုတွေဆို ပြောတက်ဆိုတက်ဆိုရင် ပိုက်ဆံပဲ အဓိကတောင်းတယ်၊ ဘာမှ မရှိတဲ့ အိမ်ဆိုရင်တော့ တချို့ဆို တခါတည်းကို ခေါ်သွားတာ ရှိတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ သထုံမြို့နယ်မှာဆိုရင် စစ်အုပ်စုထောက်ခံသူတချို့ နဲ့ စစ်တပ်ကြောထောက်နောက်ခံပေးထားတဲ့ USDP ပါတီဝင်သစ်လူငယ်တချို့ အတင်းအကြပ်ဖမ်းဆီးခံရပြီး စစ်မှုထမ်းစုဆောင်းခံရတာတွေ ရှိနေတယ်လို့ သတင်း တွေ ထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါပေမယ့် မွန်ပြည်နယ်မှာ ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်တွေကတော့ စစ်မှုထမ်းတပ်သားသစ်အတွက် စုဆောင်းခံရတာ မရှိသေးဘူးလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

“သူတို့(ဝန်ထမ်း)သားသမီးတွေဆို အမည်စာရင်းထွက်တယ်၊ အဲဒါသူတို့က ရွာလူကြီးနဲ့ ညှိလိုက်ကြတယ်၊ သာမန်အရပ်သားတွေတော့ ပိုက်ဆံမပေးနိုင်ရင် သွားထမ်းတော့”

ကျိုက်မရောမြို့ခံတဦးက ပြောပါတယ်။ မွန်ပြည်နယ်မှာ ဇူလိုင်လကနေ စက်တင်ဘာလလယ်အထိ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ ၅၀ ဦး အထက် ရှိပြီး အဲဒီထဲက ၃၀ ဦးခန့် စစ်မှုထမ်းစုဆောင်းခံလိုက်ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်နဲ့ ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဓါတ်ပုံ – Social Media

ပုံစာ – မော်လမြိုင်မြို့ ကမ်းနားလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။(ပုံဟောင်း)

#BBM#News#UpdateNews#Mawlamyaing#JuntaElection#Junta#Mon#Election

1 comment

注册Binance July 8, 2026 - 6:12 pm

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. anm”ala dig till binance

Reply

Leave a Comment

Latest Post

Latest Post