Monday, June 15, 2026
Home » ရခိုင်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု ခပ်စိတ်စိတ်ပြုလုပ်လာ

ရခိုင်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု ခပ်စိတ်စိတ်ပြုလုပ်လာ

2 45
45

အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ကမြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ပြုလုပ်လာနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က စက်တင်ဘာလ ၂၆ ရက်နေ့၊ ညနေပိုင်းအချိန်မှာ တောင်ကုတ်မြို့ရှိ စကခ(၅) အနီးအနားက တပ်ဦးဘုန်းတော်ကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် တပ်ဦးဘုန်းတော်ကြီး ကျောင်းဆောင်တစ်ခုလုံး လုံးဝပြိုကျပျက်စီးသွားရတယ်လို့ တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်က အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုက ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ကြေညာထားပေမဲ့ လက်ကျန် ၄ မြို့နယ်ဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်တွေမှာတော့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

လက်ကျန် ၄ မြို့နယ် ဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်တွေအထဲက လက်ရှိမှာတော့ တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးလာရောက်ကြဲချခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါမြို့နယ် ၄ ခုကို စစ်ကောင်စီတပ်ဟာ လာမဲ့ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တယ်လို့လည်း ရခိုင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

“ရခိုင်မှာတော့ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်နေတာပါ။ အခု တောင်ကုတ်မြို့ဟာ စစ်ကောင်စီတပ်က ရွေးကောက်ပွဲပြုလုပ်ဖို့အတွက် စီမံထားတဲ့မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်မလိုပဲ တောင်ကုတ်မြို့ကို လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် ”

လို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ ညည့် ၁ နာရီ ၅ မိနစ်အချိန်မှာလည်း ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ ဗုံးချတိုက်ခိုက်မှုကြောင့် ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွေမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသား၊ သူ ၂၀ ဦး သေဆုံးခဲ့ရပြီး ၂၂ ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ကျောက်တော်မြို့နယ်က ဇီချောင်းဆည်အနီးတဝိုက်နဲ့ သစ်တစ်ပုံ၊ လက်ပံကျေးရွာအနီးတဝိုက်ကိုလည်း ဂျက်ဖိုက်တာနဲ့ အတွဲလိုက်ဗုံး ၂ ကြိမ် လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့၊ ညနေ ၁၁ နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်ဟာ အလှူလုပ်ရန်ပြင်ဆင်နေတဲ့ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကနေအိမ်တစ်ချို့ကို ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး နှစ်လုံးကြဲချခဲ့တာကြောင့် ကလေးသူငယ် ၅ ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၁၂)ဦး သေဆုံးသွားခဲ့ပြီး ၂ဝ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။

သြဂုတ်လ ၄ ရက်နေ့ကလည်း စစ်ရှုံးစစ်ကောင်စီဟာ တောင်ကုတ်မြို့နယ်ရှိ မအီမြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ရဲစခန်းဟောင်းကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့သလိုအမ်း – ကျောက်ဖြူ – တောင်ကုတ်ကားလမ်းတွေကိုလည်း စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာက ၁၃ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ စစ်ကြောင်းထိုး သတ်ဖြတ်မှု စတဲ့လုပ်ရပ်တွေကြောင့် အရပ်သား သေဆုံးသူ ၉၂၆ ယောက်နဲ့ ဒဏ်ရာရရှိတဲ့သူ ၁,၉၅၄ ယောက်အထိ ရှိတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် ရခိုင်ဒေသခံပြည်သူ ၂,၈၀၀ ကျော် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

2 comments

binance h"anvisningskod June 4, 2026 - 1:36 pm

Your point of view caught my eye and was very interesting. Thanks. I have a question for you. https://www.binance.com/register?ref=IXBIAFVY

Reply
创建Binance账户 June 13, 2026 - 10:56 pm

Your point of view caught my eye and was very interesting. Thanks. I have a question for you. https://accounts.binance.com/en-ZA/register-person?ref=B4EPR6J0

Reply

Leave a Comment

Latest Post

Latest Post