Tuesday, October 13, 2026
Home » ကျောက်မဲ ရပ်ကွက် ၁ နဲ့ ကပ်လျက်ထိ တိုက်ပွဲပြင်းထန်လာ

ကျောက်မဲ ရပ်ကွက် ၁ နဲ့ ကပ်လျက်ထိ တိုက်ပွဲပြင်းထန်လာ

1 93
93

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ရပ်ကွက် ၁ နဲ့ ကပ်လျက် ခိုမုန်းရွာဘက်နား အထိ စက်တင်ဘာလ ၂၉ ရက်နေ့ နေ့ခင်းပိုင်းက တိုက်ပွဲတွေပြင်းထန်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“တိုက်ပွဲက ကျောက်မဲမြို့ ဝင်ခါနီးပြီ။ ခု ပစ်နေကြတယ်။ အသံကြားရတာ အိမ်ဘေးနား ရောက်ပြီလား အောက်မေ့ရတယ်”

လို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။ မြို့ထဲက မသင်္ကာသူ တချို့ကိုတော့ TNLA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားခံရတာ ရှိပြီး တချို့ကို မလွှတ်ပေးသေးဘူးလို့ သူက ပြောပါတယ်။

“လက်ရှိတော့ နည်းနည်း ငြိမ်နေတယ်။ မနေ့က ပြင်ဦးလွင်ဘက်ကနေ ကျောက်မဲကိုလာရင် မြို့မဝင်ခင် ခိုမုန်းရွာရဲ့ ညာဘက်ခြမ်း ကုန်းဘက်မှာ တိုက်ပွဲဖြစ်တာ။ ခံတပ် ဆင်ထားပုံရပါတယ်”

လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက အဲဒီ ခိုမုန်းရွာ တောင်ဘက် စစ်ကောင်စီက ဒရုန်းတွေနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်သံ ကြားရပြီး လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သူကပြောပါတယ်။

အဲဒီ ခိုမုန်းရွာက ကျောက်မဲမြို့ ပြင်ဘက် ပြည်ထောင်စု လမ်းမပေါ်ရှိပြီး မြို့နဲ့ ၂ မိုင်ခန့်သာ ကွာဝေးကာ မြို့ထဲ ရပ်ကွက် ၁ နဲ့ ထိစပ်တယ်လို့ ပြောလို့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်မဲမှာ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်ခန့်က သင်္ချိုင်းစောင့် တာဝန်ခံ ဖြစ်သူ ဦးပလောင် မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံးခဲ့ရသလို ညနေပိုင်း ၄ နာရီခွဲခန့်ကလည်း အသက် ၁၄ နှစ် အရွယ် နွားကျောင်းသား တစ်ဦး မိုင်းနင်းမိ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း ကျောက်မဲမြို့နယ် လုံဝယ်ရွာအနီးက စီပီကုန်းဘက် တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် နမ့်ဆော့ရွာဘက်နဲ့ ပန်သပြေရွာတွေဘက် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်အဆောက်အဦး အများအပြားနဲ့ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်မဲမြို့နယ်၊ နမ့်ဆော့ရွာမှာ စက်တင်ဘာလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာတော့ ကျောက်မဲမြို့ကို ပြည်ထောင်စု လမ်းမ လမ်းကြောင်းနဲ့ မိုင်းတင်း လမ်းကြောင်း တွေကနေ ပိတ်ဆို့ထိုးစစ်ဆင်နေကြောင်း ဝါဒဖြန့် ရေးသားထားကြပါတယ်။

စစ်ကောင်စီတွေအနေနဲ့ ဒရုန်း၊ လေကြောင်း နဲ့ လက်နက်ကြီးတွေကိုသာ အဓိက အသုံးပြု ပစ်ခတ် လမ်းကြောင်းရှင်းပြီးမှသာ မြေပြင်ကနေ ခြေလျင် ထိုးစစ် လိုက်လာတဲ့ ပုံစံဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီ ဘက်က နောင်ချိုကို သိမ်းပြီးနောက် ကျောက်မဲမြို့နယ်ဘက်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ နေ့ခန့်ကစ ထိုးစစ်ဆင်လာတာဖြစ်ပြီး အရှေ့မြောက် နယ်စပ်ကုန်သွယ်ရာ လမ်းကြောင်းပေါ်မှာ ရှိတဲ့ မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတာတွေ့ရပါတယ်။

1 comment

Skapa ett gratis konto August 6, 2026 - 7:13 pm

I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.

Reply

Leave a Comment

Latest Post

Latest Post