Wednesday, June 17, 2026
Home » ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်မျက်နှာ (၅) ခု ဖွင့်ကာ ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေ

ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်မျက်နှာ (၅) ခု ဖွင့်ကာ ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေ

1 43

🟥လင်ဖုံကြီးကျေးရွာရှိ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၀ ကျော် သေဆုံးပြီးတော့ သေနတ် ၄ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိ

ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်မျက်နှာ (၅) ခု ဖွင့်ကာ ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNDF က မနေ့က အောက်တိုဘာလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်အတွင်းက လွိုင်ကော်မြို့နယ်အရှေ့ဖက်ခြမ်း၊ ဒီမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နဲ့ ကရင်နီ – ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်တို့ကို စစ်မျက်နှာ (၅) ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

ဒီမော့ဆိုမြို့နယ်၊ ဒေါင်းငံခါးရပ်ကွက်နဲ့ တနန်းဥကွိုင်ကျေးရွာကတစ်ဆင့် ခေါက်ပလော့ကျေးရွာဖက်ကို စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကာ အဆိုပါကျေးရွာအနီးတစ်ဝိုက်မှာ တပ်စွဲနိုင်ဖို့အတွက်ပြုလုပ်နေတာကြောင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကလည်း စစ်ကောင်စီစစ်ကြောင်းကို ခုခံကာကွယ်တိုက်ခိုက်လျှက်ရှိနေပြီးတော့ တိုက်ပွဲတွေမှာလည်း နေ့စဉ်နဲ့အမျှ ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီမော့ဆိုမြို့နယ်၊ ဒေါင်းငံခါးရပ်ကွက်နဲ့ ခေါက်ပလော့ကျေးရွာဖက်ကို မြေပြင်ထိုးစစ်နဲ့အတူ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဆိုထားပါတယ်။

အလားတူ ဒီမော့ဆို – ဖရူဆို လမ်းမကြီးတစ်လျှောက်မှာလည်း စစ်ကောင်စီတပ်က တပ်စွဲထားလျှက်ရှိနေပြီးတော့ တော်လှန်းရေးတပ်ဖွဲ့ဝင်တွေနဲ့ နေ့စဉ်ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေကာ ဖရူဆိုမြို့နယ် ဒေါညေးခူနဲ့ ဒေါကူးခူကျေးရွာအကြားရှိ လူနေအဆောက်အဦးတွေကို ပစ်ကွင်းတွေရှင်းလင်းစေဖို့အတွက် စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ဗုံးကြဲချမီးရှို့မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဘောလခဲဘက်ကို မျက်နှာမူပြီးတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့အတွက် ဖရူဆို – ဘောလခဲအကြားမှာရှိတဲ့ မာခရောရှေ့ကျေးရွာအနီးမှာလည်း စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့လည်း KNDF က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၆) ရက် နေ့မှာလည်း ဘောလခဲမြို့နယ်၊ ဝမ်းမလန်းကျေးရွာအပေါ်ဘက်က တောင်ကုန်းတစ်ခုမှာလည်း စစ်ကောင်စီတပ်က ကာကင်းစခန်းတွေကို ပြုလုပ်ထားပြီးတော့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF တပ်နဲ့ ထိတွေ့တိုက်ပွဲ တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က သေဆုံးထိခိုက်ဒဏ်ရာရရှိသူတွေ များပြားခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ အောက်တိုဘာလ (၆) ရက်နေ့မှာပဲ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း၊ လွိုင်လင်လေးမြို့နယ်က ကရင်နီ – ရှမ်းတောင်နယ်စပ်ရှိ ကျေးရွာဖက်တွေကိုလည်း စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်တို့ပူးပေါင်းကာ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာတာကြောင့် ထိတွေ့တိုက်ပွဲ (၃) နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အကျအဆုံးများပြားခဲ့တယ်လို့ KNDF ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာလည်း လွိုင်လင်လေးမြို့နယ်၊ လင်ဖုံကြီးကျေးရွာအနီးရှိ စစ်ကောင်စီတပ်က စစ်ကြောင်း (၂) ကြောင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ကရင်နီတော်လှန်းရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အထိအခိုက်များစွာနဲ့ နောက်ပြန်ဆုတ်သွားရတယ်လို့လည်း သိရပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့မှာလည်း လင်ဖုံကြီးကျေးရွာဖက်ရှိ စစ်ကောင်စီတပ်က အင်အား (၆၀) ကျော်နဲ့ ထပ်မံထိုးစစ်ဆင်လာတာကြောင့် ကရင်နီတော်လှန်းရေးတပ်ဖွဲ့ဝင်တွေက (၂) ရက်အကြာ ထိတွေ့တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်က (၁၀) ဦးကျော်သေဆုံးကာ လက်နက် (၄) လက်နဲ့အတူ ခဲယမ်းမီးကျောက်တွေကိုလည်း သိမ်းဆည်းရရှိမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောဆိုထားပါတယ်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အပြင်ဘက်ရှိ လယ်ထွဲ၊ ပဒါးညေးကျေးရွာဖက်ကိုလည်း စစ်ကောင်စီတပ်က လူအင်အားပြန်လည်ဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်လာနေတယ်လို့လည်း သိရပါတယ်။

ကရင်နီ – ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာအတွင်းမှာလည်း တပ်ဖြန့်ထားတဲ့ စစ်ကောင်စီတပ်ဟာ PNO အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ မြောက်စလုံးကျေးရွာအတွင်းကို ဝင်ရောက်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်အတွင်းနဲ့ ကရင်နီ – ရှမ်းတောင်နယ်စပ်တစ်လျှောက်မှာ အင်အားအလုံးအရင်းနဲ့ စစ်မျက်နှာတွေဖွင့်ကာ အပြင်းအထန်တိုက်ခိုက်လျှက်ရှိနေတာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာဒေသတွေကို ပြည်သူတွေအနေနဲ့ သွားလာကြတဲ့အခါမှာ စစ်ရေးသတိရှိကြဖို့နဲ့ လုံခြုံရေးသတိရှိကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က တိုက်တွန်းထားပါတယ်။

ပုံ-KNDF

#BBM#News#UpdateNews#KNDF#Junta

1 comment

66B June 10, 2026 - 6:48 am

Nếu bạn đang tìm kiếm một sân chơi giải trí trực tuyến ổn định, hiện đại và đa dạng trò chơi, 66B chính là lựa chọn đáng để trải nghiệm. Với hệ thống trò chơi phong phú như: Bắn Cá Đổi Thưởng, Mini Game Đá Gà, Xổ Số Ba Miền, Thể Thao Điện Tử,… Tại đây mang đến không gian giải trí sống động, phù hợp với nhiều đối tượng người dùng. TONY06-05

Reply

Leave a Comment

Latest Post

Latest Post