Saturday, August 8, 2026
Home » ဒီးမော့ဆိုအနောက်ခြမ်းကို စကစလေကြောင်းတိုက်ခိုက်သဖြင့် တော်လှန်ရေးရဲဘော် ထိခိုက်ကျဆုံးများ

ဒီးမော့ဆိုအနောက်ခြမ်းကို စကစလေကြောင်းတိုက်ခိုက်သဖြင့် တော်လှန်ရေးရဲဘော် ထိခိုက်ကျဆုံးများ

1 68
68

🟥ဒီးမော့ဆိုအရှေ့ခြမ်းမှာ စစ်‌ကောင်စီက ခံစစ်အခိုင်အမာပြုလုပ်ပြီး အနောက်ခြမ်းကို ထိုးစစ်ဆင်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်အခြမ်းကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သလို အများအပြားဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်၊ မနက်ပိုင်းမှာ ဒီးမော့ဆိုမြို့နယ်ရဲ့ အနောက်ခြမ်းရှိ တော်လှန်ရေးအင်အားစုတွေရှိရာနေရာကို စစ်တပ်က လေယာဥ်တွေနဲ့သာမက ဒရုန်းတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက လေယာဥ်ရော ဒရုန်းကိုပါ အသုံးပြုပြီး အဆက်မပြတ်လေကြောင်းဗုံးကြဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း တော်လှန်ရေးရဲဘော် ၅ ဦးကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ အမြောက်အများရှိတယ်လို့ မြေပြင်ရဲဘော်တစ်ဦးထံမှ သိရပါတယ်။

“ဒီးမော့ဆိုအနောက်ဘက်ကို မနေ့က ခွေးတွေလေကြောင်းကနေလာချသွားတယ်ဗျ၊ ထိခိုက်ကျဆုံးမှုတော်တော်များများလည်း ရှိတယ်ဗျ၊ ကြဲတာက လေကြောင်းကော၊ ဒရုန်းကောဆက်တိုက်ကြဲတာဟုတ်တယ်” လို့ မြေပြင်ရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း သူတို့ပြန်လည်ထိန်းချုပ်သွားနိုင်တဲ့ ဒီးမော့ဆိုအရှေ့ခြမ်းကို ခံစစ်အခိုင်အမာပြုလုပ်ပြီး တော်လှန်ရေးအင်အားစုတွေရှိတဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို မကြာခဏစစ်ကြောင်းထိုးတိုက်ခိုက်နေတာတွေရှိတယ်လို့လည်း သိရပါတယ်။

အဲဒီလို စစ်ကောင်စီဘက်က ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို စစ်မျက်နှာများစွာနဲ့ စစ်ကြောင်းထိုးတာတွေ မကြာခဏပြုလုပ်နေတာကြောင့် တိုက်ပွဲတွေ အမြဲလိုလိုဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ သိရပါတယ်။

“ဒီကောင်တွေဘက်က ဒီးမော့ဆိုအရှေ့ခြမ်းကို ခံစစ်အခိုင်အမာလုပ်ထားတယ်၊ အဲ့ကတဆင့် အနောက်ခြမ်းကို စစ်ကြောင်းခဏခဏထိုးတယ်၊ အခုထိတော့ ထိတွေ့မှုကတော့ ခဏခဏဖြစ်တယ်ဗျ၊ အဖွဲ့တွေကလည်း နယ်မြေထိန်းထားနိုင်ပါသေးတယ်” လို့ အဆိုပါရဲဘော်က ဆက်ပြောပါတယ်။

အဲဒီလို ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီဘက်က မကြာခဏစစ်ကြောင်းထိုးတာတွေပြုလုပ်နေသော်လည်း အဆိုပါစစ်ကြောင်းတွေမှ စစ်ကောင်စီတပ်သားအချို့ လမ်းမှားပြီး တော်လှန်ရေးအဖွဲ့တွေဖမ်းဆီးတာကိုခံရသလို အလင်းဝင်ရောက်လာသူစစ်သားအချို့လည်း ပြီးခဲ့တဲ့လတွေအတွင်းမှာရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ အလင်းဝင်စစ်သားတွေကို စစ်ဆေးမေးမြန်းတာတွေပြုလုပ်ပြီးနောက် စစ်သုံ့ပန်းတွေကို သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေရဲ့အကျဥ်းထောင်မှာ ဖမ်းဆီးထားသလို အလင်းဝင်လာသူတွေကိုတော့ ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။

“ပြီးခဲ့တဲ့လတွေတုန်းက အရှင်မိတာ တစ်ကောင်ရှိတယ်၊ စစ်ကြောင်းထိုးရင်းကျွံလာတာ၊ ရတာက ၃ ကောင် ၂ ကောင်က ပွဲချင်းပြီးပဲ၊ နောက်ထပ် အဲ့ဘက်စစ်ကြောင်းတွေကနေ အလင်းဝင်လာတဲ့ စစ်သားတစ်ယောက်လည်းရှိသေးတယ်” လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ သူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲအတွင်း ကရင်နီပြည်နယ်ရှိ လွိုင်ကော်၊ ဘော်လခဲ၊ ဖရူဆိုနဲ့ ဒီးမော့ဆို မြို့တွေမှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေငြာပြီးတဲ့နောက် အဆိုပါမြို့နယ်တွေကို စစ်ကြောင်းထိုးတာတွေနဲ့ အင်အားဖြည့်တာတွေ ပိုမိုလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Photo-ပုံဟောင်း

1 comment

xn88 - Trang Chủ Chính Thức của Nhà Cái Casino Trực Tuyến Số Một Việt Nam June 10, 2026 - 7:01 am

Slot tại xn88 – Trang Chủ Chính Thức của Nhà Cái Casino Trực Tuyến Số Một Việt Nam có tính năng “xem trước vòng bonus” – bạn có thể xem demo cách hoạt động của free spin trước khi kích hoạt thật. TONY06-05

Reply

Leave a Comment

Latest Post

Latest Post