Tuesday, October 13, 2026
Home » စစ်ကောင်စီဟာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ကျောက်မဲမြို့ အနီး ၆ မိုင်ခန့် အကွာအထိ ရောက်ရှိလာနေ

စစ်ကောင်စီဟာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ကျောက်မဲမြို့ အနီး ၆ မိုင်ခန့် အကွာအထိ ရောက်ရှိလာနေ

1 89
89

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက် ကုန်သွယ်ရာ လမ်းမ ပေါ်မှာရှိတဲ့ ကျောက်မဲမြို့နဲ့ အနီး ၆ မိုင်ခန့် အကွာအထိ စက်တင်ဘာလ ၁၂ ရက်နေ့ ကစ စစ်ကောင်စီတွေ ရောက်ရှိလာပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်

“ကျောက်မဲ မြို့အနီး ၆ မိုင်ခန့် အကွာအထိ စစ်ကောင်စီတွေ ရောက်လာတယ်။ မနေ့ညက ဒရုန်းတွေ၊ လက်နက်ကြီးတွေ အပြင် Y12 နဲ့ပါ ဗုံး ကြဲနေသံ ကြားရတယ်”

လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ ဗုံးကြဲ တိုက်ခိုက်၊ လက်နက်ကြီး ပစ်ခတ်တဲ့ နေရာတွေက ကျောက်မဲ အနီး ခိုက်တုန်ဟုန်း၊ ကောင်းမူးလိန်၊ မိုင်းလင်း၊ နမ့်ဆော့ ရွာတွေဘက်လို့ ယူဆရပြီး ဗုံး အလုံး ၈၀ ခန့် ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဒရုန်းကို အဓိက အသုံးပြုပြီး စစ်ကြောင်းတွေကို ရှေ့ထပ်တိုးလာနိုင်ဖို့ လမ်းကြောင်းရှင်းနေတာ ဖြစ်မယ်လို့ သူက ပြောပါတယ်။

“လေကြောင်းနဲ့ ဒရုန်းတွေ တရစပ် သုံးနေရင် စစ်ကောင်စီတွေ ရက်ပိုင်းအတွင်း ကျောက်မဲမြို့ ရောက်လာနိုင်ခြေ ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်နက် အင်အားမှ မမျှတာ”

လို့ နောက်ထပ်ဒေသခံ တစ်ဦးက ပြောပါတယ်။ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က စစ်သည် အင်အားရော လက်နက်အင်အားပါ မမျှတော့တာကြောင့် ခုခံ ကာကွယ်နိုင်ဖို့ မလွယ်ကူ လောက်တော့ဘူးလို့ ယူဆရကြောင်း သူက ပြောပါတယ်။

စစ်ကောင်စီ ဘက်က လက်ရှိ အသာစီး ရနေတဲ့ အခြေအနေဖြစ်တာကြောင့် TNLA ပူးပေါင်း တပ်ဖွဲ့ အနေနဲ့ ကျောက်မဲမြို့ကနေပြင်းပြင်းထန်ထန် ပြန်လည် ခုခံတိုက်ခိုက်မယ် ဆိုရင်လည်း မြို့ ထိခိုက် ပျက်စီးမှာကိုလည်း စိုးရိမ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်ကနေ ဩဂုတ်လ ၃၀ ရက်အတွင်း ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၉ ဦးသေဆုံးပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၈,၆၀၀ ကျော် တိုက်ပွဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစ စစ်ကောင်စီဘက်က မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရာ လမ်းမကို မဖြစ်မနေ ပြန်လည် ရယူနိုင်ဖို့ ထိုးစစ်ဆင်လာနေတာကို တွေ့ရပါတယ်။

ပုံ-စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းရွာ အနီး တောင်ဆေးလိပ်ရွာ ဗုံးကြဲခံရပုံ

1 comment

188v tải June 10, 2026 - 6:46 am

Chúc mừng sinh nhật thành viên, 188v tải tặng quà cực khủng và các vòng quay miễn phí. Tham gia ngay để nhận được sự quan tâm chu đáo nhất. TONY06-05

Reply

Leave a Comment

Latest Post

Latest Post