Wednesday, August 5, 2026
Home » မောင်တောမြို့နယ်မှာ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၃ ဦး ARSA အဖွဲ့ကဖမ်းဆီး

မောင်တောမြို့နယ်မှာ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၃ ဦး ARSA အဖွဲ့ကဖမ်းဆီး

1 49

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာ အနီးမှာ နွားကျောင်းနေတဲ့ အမျိုးသမီးငယ်တစ်ဦးအပါအဝင် ဒေသခံအရပ်သားပြည်သူ ၃ ဦး မူဆလင်လက်ကိုင် ARSA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့၊ နံနက် ၇ နာရီကျော်အချိန်မှာ ကင်းချောင်းကျေးရွာရဲ့ အရှေ့ဖက် မေယုတောင်တန်းအနီးမှာ အမျိုးသမီးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၆ ဦးတို့ဟာ ဖြန့်ကျဲကာ နွားကျောင်းနေကြစဥ်က မူဆလင်လက်နက်ကိုင် ARSA အဖွဲ့က သူတို့ကိုလာရာ လမ်းကနေကြိုစောင့်ကာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း ကင်းချောင်းဒေသခံတစ်ဦးက ပြောပါတယ်။

နွားကျောင်းနေကြသူ ၆ ဦးအနက် တစ်ဦးမှာ ARSA အဖွဲ့ရဲ့ ဖမ်းဆီးမှုရန်က ကင်းချောင်းကျေးရွာကို ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကျန်တဲ့သူတွေကိုလည်း ကျေးရွာသားတွေက လိုက်လံရှာဖွေခဲ့ရာ နောက်ထပ် ၂ ဦးကိုလည်း ပြန်လည်ရှာတွေ့ခဲ့ပြီး အမျိုးသမီးငယ်တစ်ဦးနဲ့ ကျန် ၂ ဦးတော့ လက်ရှိအချိန်ထိ ရှာမတွေ့သေးဘူးလို့လည်း သိရပါတယ်။

“မနက်ပိုင်းက ရွာသား ၆ ယောက် နွားကျောင်းဖို့သွားကြတာပါ။ နွားကျောင်းတာကတော့ မေယုတောင်တန်းတကြောမှာ ပုံမှန်အတိုင်း နွားကျောင်းနေကြတာလို့ သိရပါတယ်။ ဒီနေ့မှာပဲ ARSA အဖွဲ့က သူတို့ လာရာလမ်းကနေ စောင့်ပြီးတော့ ဖမ်းဆီးသွားကြတာ ဖြစ်ပါတယ်။ ၆ ယောက်မှာ သုံးယောက်ကိုတော့ တွေ့ပါပြီ။ ကျန်တဲ့သုံးယောက်ကတော့ ပျောက်နေပါတယ်။ လက်ရှိမှာတော့ လိုက်လံရှာဖွေနေကြပါတယ်” လို့ ကင်းချောင်းဒေသခံတစ်ဦးက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးမှာ ကိုကျော်ခိုင်ဖြစ်ပြီး၊ ရွာသားတွေရှာဖွေရာမှာ ပြန်လည်တွေ့ရှိသူ ၂ ဦးကတော့ ဦးပန်းချေ (၅၂) နှစ်နဲ့ ဦးဘထွန်း (၅၆) နှစ်တို့ ဖြစ်ကြပါတယ်။

ပျောက်ဆုံးနေသူ ၃ ဦးမှာတော့ မမိစန္ဒာ (၁၆) နှစ်၊ ဦးမောင်ဘထွန်း (၄၁) နှစ်နဲ့ ကိုမောင်ထွန်းအေး (၂၀) နှစ်တို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာကနေ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာကို ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး စတဲ့ကုန်ပစ္စည်းတွေကို ဝယ်ယူပြီးပြန်လာတဲ့ ခရီးသည်တွေကို ARSA မူဆလင် လက်နက်ကိုင်အဖွဲ့က ခြုံခိုပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီးတော့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာအထွက် မီတာ ၈၀၀ ခန့်အကွာအဝေးလောက်မှာ ARSA မူဆလင်လက်နက်ကိုင်အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ရွာက ကိုကျော်စိုးဝင်း (၂၅နှစ်) မှာ သေဆုံးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

ARSA၊ RSO မူဆလင် လက်နက်ကိုင်အဖွဲ့တွေဟာ ရခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသက အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို ခြိမ်းခြောက်နေတာကြောင့် နယ်စပ်ရှိ မိဘပြည်သူများအနေနဲ့လည်း တောတောင်ထဲနဲ့ လူပြတ်သောနေရာတွေကို တစ်ဦးတည်း (သို့) လူအနည်းစုနဲ့ သွားလာကြတာကို အတတ်နိုင်ဆုံး မပြုလုပ်ကြဖို့နဲ့ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမဲ့အရေးကြီးကိစ္စတွေ ရှိပါကလည်း အာရက္ခတပ်တော် AA ရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတဲ့ အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှ သွားလာကြဖို့ကိုလည်း AA က မနေ့က အောက်တိုဘာလ ၂၃ ရက်နေ့မှာ ထပ်မံသတိပေးထားပါတယ်။

1 comment

binance koda June 16, 2026 - 2:45 pm

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.

Reply

Leave a Comment

Latest Post

Latest Post