Sunday, October 11, 2026
Home » ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အတည်ပြု

ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အတည်ပြု

0 104
104

ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီး ရွေးချယ်ခန့်အပ်မှုအတွက် ဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားမယ်ဆိုတဲ့ အဆိုပြုချက်ကို အတည်ပြုခဲ့တာကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ထမ်းဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်မှာ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ (၈၀)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ (၆၁) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံ (၉) နိုင်ငံပါဝင်တဲ့ အရည်အချင်းစစ်ကော်မတီ (Credentials Committee) ရဲ့ အစီရင်ခံစာကို မဲမခွဲဘဲ တူညီဆန္ဒ (Consensus)နဲ့ အတည်ပြုချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အရည်အချင်းစစ်ကော်မတီရဲ့ အစီရင်ခံစာမှာ ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တင်သွင်းမှု ၂ မျိုး လက်ခံရရှိထားတာကြောင့် ရွေးချယ်ခန့်အပ်မှုအတွက် စဉ်းစားဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားမယ်လို့ အဆိုပြုခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အဆိုပြုချက်ကို အရည်အချင်းစစ်ကော်မတီက မဲမခွဲဘဲ အတည်ပြုခဲ့တဲ့အတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဆက်လက်တာဝန်ထမ်း‌ဆောင်လျက်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်ထားတာပါ။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မျက်နှာစုံညီနဲ့ ပင်မကော်မတီ အစည်းအဝေးတွေ၊ ကုလသမဂ္ဂ ပင်မအဖွဲ့အစည်းတွေရဲ့ အစည်းအဝေးတွေနဲ့ အခြား ဆက်စပ်အစည်းအဝေးတွေကို ဆက်လက် ပါဝင်၊ တက်ရောက်၊ ဆွေးနွေးလျက်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေကို ကုလသမဂ္ဂမျက်နှာစာမှတဆင့် နိုင်ငံတကာသို့ အသိပေးတင်ပြပြောကြားပြီး စစ်အာဏာရှင်စနစ်နဲ့ တရားမဝင် စစ်အာဏာသိမ်းမှုတို့ အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေး၊ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို မရပ်မနားကျူးလွန်နေတဲ့ တရားခံအကြမ်းဖက်စစ်အုပ်စုနဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ တရားစီရင်မှုတွေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရေးတို့အတွက်ပြည်သူတွေ ကြိုးပမ်းဆောင်ရွက်နေတာတွေကို သိရှိစေဖို့၊ အရေးယူဆောင်ရွက်မှုတွေရှိလာစေဖို့ ဆက်လက်အားထုတ်ကြိုးပမ်းသွားမယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက အသိပေးထားပါတယ်။

Leave a Comment

Latest Post

Latest Post